ဒါနန်းမြို့ - Hoi An

ဗီယက်နမ်က ရိုးရှင်းတဲ့ ဒါနန်းမြို့လေး- ဒါနန်းခရီးစဉ်လမ်းညွှန်

ဒါနန်းခရီးစဉ်လမ်းညွှန်ကို မိတ်ဆွေတို ရှာဖွေနေပါသလား ?

ဗီယက်နမ်နိုင်ငံ ကို တောင်ပိုင်း မြို့တော် ဟိုချီမင်း တွေကို ရောက်ခဲ့ လည်ခဲ့ဖူးပါတယ်။ မြောက်ပိုင်း ဟနွိုင်းမြို့ကို မသွားဖြစ်သေးပေမဲ့ ဟနွိုင်းမြို့ကပိုပြီး ဗီယက်နမ် ဆန်တယ် လို့ ဆိုရမလားဘဲ။ ဟိုချီမင်းမြို့ ကတော့ ခေတ်မီတယ်။ တစ်မျိုးဆီ ဆွဲဆောင်မှုရှိကြမှာသေချာပါတယ်။ rose မရောက်ဖူးသေးတာက ဗီယက်နမ် အလယ်ပိုင်း ပါ။ ဒါကြောင့် US visa ရပြီး US မသွားခင် ချစ်ရတဲ့ အမေနဲ့ အမကို စင်ကာပူလှမ်းခေါ်ပြီး အဲ့ကနေ ပြီးခဲ့တဲ့ နိုဝင်ဘာလ ထဲ ဗီယက်နမ် အလယ်ပိုင်း ကို ခရီးဆန့်လိုက်တယ်။ ဒါနန်းမြို့ဟာ solo ရောက်ဖူးတဲ့မြို့တွေနဲ့ မတူတဲ့ ဗီယက်နမ်ရသ တစ်မျိုးကို ထပ်ပေးသွားပါတယ်။ နောက်တစ်ခါ ဗီယက်နမ်ကို လာလည်ပါဦးဆိုရင် အရင်ဆုံး ရွေးချယ်မိမှာက ဒါနန်းပဲ ဖြစ်မှာပါပဲ။ ဒါနန်းကို တန်းမသွားသေးပဲ မီးပုံးလေးတွေနဲ့ နံမည်ကြီးတဲ့ Old town , Hoi An မှာပါ တစ်ညအိပ်ခဲ့ပါသေးတယ်။

ဒါနန်းခရီးစဉ်လမ်းညွှန်
ဒါနန်းခရီးစဉ်လမ်းညွှန်

ဘာလို့ ဒါနန်းမြို့ ကို သွားလည်သင့်လဲ

ဗီယက်နမ်နိုင်ငံဟာ ပြင်သစ်ကိုလိုနီ ဖြစ်ခဲ့ဖူးပြီး ဒါနန်းမြို့ဟာ ပြင်သစ်တွေအုပ်စိုးစဥ်က အရေးပါတဲ့ ဆိပ်ကမ်းမြို့ ဖြစ်ခဲ့တာကြောင့် ပြင်သစ်ယဥ်ကျေးမှု အငွေ့အသက်တွေ ကျန်ရှိနေပါသေးတယ်။ဒါနန်းရဲ့ အထူးခြားဆုံး ဆွဲဆောင်မှုကတော့ တစ်မြို့တည်းမှာ ပြာလဲ့တဲ့ ပင်လယ်ကမ်းခြေ နဲ့ စိမ်းစိုတဲ့ တောတောင်တန်းတွေ ကို ပိုင်ဆိုင်ထားခြင်းပါပဲ။ နေရာပေါ်မူတည်ပြီး ရာသီဥတု မတူညီတာမျိုးတောင် ခံစားရနိုင်ပါတယ်။ ထူးခြားတဲ့ ဖွဲ့စည်းမှုနဲ့ ဆွဲဆောင်မှုတွေကြောင့် ဒါနန်းဟာ ခရီးသွားများအတွက် စိတ်လှုပ်ရှားစရာ ကောင်းတဲ့ ရွေးချယ်မှုတစ်ခု ဖြစ်ပါတယ်။ 

ဒါနန်းမြို့ ကိုဘယ်အချိန် သွားလည်လို့ အကောင်းဆုံးလဲ

ဒါနန်းမြို့ကို သွားရောက်လည်ပတ်ဖို့ အသင့်တော်ဆုံး အချိန်ကတော့ မေလ မှ သြဂုတ်လ အတွင်းပဲ ဖြစ်ပါတယ်။ ဒီကာလဟာ နေလည် ပွင့်လင်းပြီး လှိုင်းလည်း ငြိမ်တာမို့ ကမ်းခြေမှာ water activities တွေနဲ့ ရှုခင်းတွေကို အပြည့်အဝ ခံစားနိုင်တဲ့ အချိန်ဖြစ်ပါတယ်။ ကျန်တဲ့ လတွေမှာလည်း သွားရောက်နိုင်ပေမဲ့ မိုးအနည်းငယ် စွေနိုင်တာမျိုး ရှိတတ်ပါတယ်။ rose ကနိုဝင်ဘာလမှာသွားရောက်ခဲ့စဥ်က ရာသီဥတု သာယာခဲ့ပြီး Bana Hill ကို သွားရင် မြူတွေနဲ့ အေးစိမိ့တဲ့အရသာကို ခံစားနိုင်မှာဖြစ်ပါတယ်။ ဒီဇင်ဘာလဆိုရင်လည်း အေးမြတဲ့ ရာသီဥတုနဲ့ သွားလည်လို့ ကောင်းနိုင်ပါသေးတယ်။

Klook.com

ငွေကြေး

ဗီယက်နမ်မှာ ဒေါင် (VND) ကို အသုံးပြုပါတယ်။

  • $1 USD သည် VND ၂၃,၀၀၀ ကျော် ဝန်းကျင်ဖြစ်သည်။
  • မြန်မာငွေ ၁ ကျပ် သည် VND ၁၅ ဒေါင် ဝန်းကျင် ဖြစ်ပါသည်။

ဒါနန်းမြို့ ရောက်ရင် မဖြစ်မနေ လည်သင့်တဲ့ နေရာ (၇) ခု

ဗီယက်နမ် အလယ်ပိုင်းရဲ့ အောက်ပိုင်းက ဒါနန်းမြို့လေးကို ရောက်ရင် မသွားမဖြစ် သွားရမဲ့ နေရာလေးတွေ ရှိပါတယ်။ ဒီနေရာလေးတွေက ကိုယ့်ကို စိတ်လှုပ်ရှားစေမဲ့ နေရာလေးတွေပါ။ မတူညီတဲ့ ရသလေးတွေ စုစည်းထားသလိုပါပဲ။ ဘုရားကျောင်းကန်၊ ရှုခင်းသာ၊ ပင်လယ်၊ ပြတိုက် နဲ့ အစားအသောက်တွေကို တစ်မြို့တည်းမှာ အစုံအစိ ခံစားရသွားစေမယ်လေ။

(၁) Dragon Bridge

နဂါးပုံစံ တံတား ဟာ ဒါနန်းမြို့ရဲ့ ဆွဲဆောင်မှုအရှိဆုံး တံတားဖြစ်ပြီး၊ ညဘက်မှာ မီးရောင်စုံနဲ့ ပိုပြီး လှပပါတယ်။၆၆၆ မီတာ ရှည်လျားပြီး ဟန်မြစ် (Han River) ကို ဖြတ်သန်းတည်ဆောက်ထားပါတယ်။ ရုံးပိတ်ရက် ည ၉ နာရီ မှာ LED မီးရောင်စုံနဲ့ ရေပန်းတွေ၊ မီးများ မှုတ်ထုတ်ကစားတာကို လာရောက်ကြည့်ရှုသူတွေနဲ့ စည်ကားပါတယ်။

ဒါနန်းမြို့ -Dragon Bridge

Rose တို့ကတော့ မနက်ပိုင်းပဲ သွားလည်ခဲ့ရပါတယ်။ အဲ့တံတားနားမှာ ကော်ဖီဆိုင်လေးတွေ အများအပြားလဲ ရှိတာကြောင့် ဗီယက်နမ် Salt coffee ကို try ကြည့်စေချင်ပါတယ်။ rose ကတော့ ဒါနန်းမှာနေတဲ့ ခရီးစဉ်တစ်လျှောက် ကော်ဖီမျိုးစုံကို စမ်းသောက်ကြည့်ခဲ့ပါသေးတယ်။ 

(၂) Hoi An Ancient Town

ဒီအဝါရောင်မြို့လေး ကို Old Town လို့ တချို့က ခေါ်ကြတယ်။ ဒါနန်းမြို့နဲ့ နီးတဲ့ ချစ်စရာ အဝါရောင်မြို့ဟောင်း လေးဟာ ၁၉၉၉ ခုနှစ်မှာ UNESCO ရဲ့ World Heritage Site အဖြစ် အသိအမှတ်ပြုခံရပါတယ်။ သက်တမ်းကြာ အဆောက်အအုံများ၊ လမ်းကျဥ်းများ၊ ကော်ဖီဆိုင်များ၊ ဈေးဆိုင်များရှိပြီး တရုတ်နဲ့ ပြင်သစ်ဟန် ပေါင်းစပ်ထားပါတယ်။

ဒါနန်းမြို့ - Hoi An
ဒါနန်းမြို့ - Hoi An

လှေစီးပြီး ရိုးရာ ကြာမီးခွက် မျောခြင်း၊ ဆိုက်ကားစီးပြီး လည်ပတ်ခြင်း၊ ဂျပန်တံတားဟောင်း ကို ဖြတ်လျှောက်ခြင်း စတဲ့ အရာတွေကို လုပ်ဆောင်နိုင်ပါတယ်။ မြို့လေးက တိတ်ဆိတ်ပြီး crowded မဖြစ်တာကြောင့် rose အတွက်တော့ နေချင်စရာမြို့လေးတစ်ခုပါပဲ ။ ဒီတစ်ခါမှာတော့ တစ်ညပဲ အိပ်ခဲ့ပါတယ်။ နောက်တစ်ခါလာလည်ရင်တော့ ၂ ည လောက် နေဖို့ကိုလည်း စဉ်းစားထားပါသေးတယ်။ 

ဝင်ကြေး- နိုင်ငံခြားသားအတွက် VND 120,000 ဝန်းကျင် ပေးရပါတယ်။

ခရီးသွား သတိပြုရန်– လူရှုပ်ထွေးတဲ့ နေရာတွေမှာ ခါးပိုက်နှိုက် သတိထားပါ။ လှေစီးခြင်း/ဆိုက်ကားစီးခြင်းတို့ကို ဈေးနှုန်း ကြိုတင်မေးမြန်းပါ။ အတင်း ဓာတ်ပုံရိုက်ခိုင်းသော အထမ်းသည်/ဈေးသည်များအား ပြတ်ပြတ်သားသား ငြင်းဆိုပါ။ ဈေးဆစ်ပြီးလျှင် ဝယ်ယူပါ။

Vietnamese coffee


(၃)Ba Na Hills

တောင်ပေါ်အပန်းဖြေစခန်း လည်းဖြစ် အခုဆို ဟိုတယ်လည်း ဖြစ်တဲ့ ဒီနေရာကို အလည်လာကြတဲ့ ခရီးသွားတိုင်းဟာ အေးမြတဲ့ရာသီဥတုကို ခံစားရင် ဒီအရပ်က လက်ရာမြောက် လက်ကြီးတွေ ပင့်ထားတဲ့တံတားပေါ် ဖြတ်လေ ျှာက်ကြ၊ ပန်းခင်းကြီးတွေ၊ ပြင်သစ်ပုံစံ ရုပ်တုကြီးတွေနဲ့ ဓါတ်ပုံရိုက်ကြ၊ သဲထိတ်ရင်ဖို ရိုလာကိုစတာ စီးကြ၊ တခြားဂိမ်းကစားနည်းအမျိုးမျိုးကို အဆောက်အဦးကြီးထဲ လှည့်ပတ်ကစားကြနဲ့ အရမ်းပျော်ကြမှာဖြစ်ပါတယ်။ 

Ba Na Hill Trip

Rose အကြိုက်ဆုံးကတော့ လက်ကြီးတွေပင့်ထားတဲ့ ရွှေတံတားကြီးပါ။ Golden Bridge လို့ ခေါ်ပါတယ်။ ဓါတ်ပုံရိုက်ဖို့ သိပ်ကောင်းတယ်။ ဒါပေမဲ့ ခရီးသွားတဲ့လူတွေ သိပ်များသလို ရာသီဥတုက မြူဆိုင်းတဲ့အချိန်တွေများတာကြောင့် ဓာတ်ပုံကောင်းတစ်ပုံရဖို့ သိပ်ကိုကြာပါတယ်။ သဘောအကျဆုံးနောက်တစ်ခုက Cable Car စီးပြီး တောင်တက်ရတာပါ။တစ်နာရီ ဝန်းကျင်ကြာပြီး မြင့်မားတာကြောင့် စိတ်လှုပ်ရှားစရာ ကောင်းပါတယ်။ Sun World အပန်းဖြေဥယျာဉ်ထဲမှာ ပြင်သစ်ပုံစံ အဆောက်အအုံများ၊ ပန်းခင်းကြီးများ၊ ရိုလာကိုစတာနဲ့ မတူညီတဲ့ ဂိမ်းအမျိုးမျိုးကို ကစားနိုင်ပါတယ်။ ဝင်ကြေးရယ်လို့မဟုတ်ပဲ တနေကုန်လည်ပတ်ခ (ကေဘယ်လ်ကားခ အပါအဝင်) VND 650,000 – 700,000 ဝန်းကျင် ပေးရလေ့ရှိပါတယ်။ နေ့လည်စာ buffet က အမျိုးအစားအများကြီးနဲ့ အရသာကောင်းချက်ကတော့ နောက်တစ်ခါ ထပ်သွားချင်လောက်အောင်ပါပဲ။

ဒါနန်းမြို့ - Ba Na Hill

(၄)Han Market

၁၉၄၀ ခုနှစ်များကတည်းက ပြင်သစ်တွေ စီမံခန့်ခွဲခဲ့တဲ့ နှစ်ထပ် အဆောက်အအုံ ဈေးကြီး ဖြစ်ပါတယ်။ ဒေသထွက် ပစ္စည်းများ၊အစားအသောက်၊ လက်မှုပစ္စည်း၊ အဝတ်အထည်များ၊ နာမည်ကြီး တံဆိပ်အတုများ စသည်တို့ကို ဝယ်ယူနိုင်ပါတယ်။ဈေးဆစ်ခြင်း အထူးလိုအပ်ပါတယ်။ Rose အမေကတော့ တန်တယ်ဆိုပြီး အိမ်အပြန်လက်ဆောင်တွေ ဝယ်လိုက်တာ အများကြီးပါပဲ။ 

• ဖွင့်ချိန်- မနက် ၆ နာရီမှ ည ၇ နာရီ ဝန်းကျင်။

ဒါနန်းမြို့ - Han Market

(၅)Da Nang  Beach

ဒါနန်မြို့ကို ခရီးသွားတွေကြိုက်ကြတဲ့အထဲမှာ သဲဖြူဖြူနဲ့ ကမ်းခြေတွေရှိလို့လည်း ပါပါတယ်။ rose တို့ကတော့ အချိန်သိပ်မရတာနဲ့ပဲ လမ်းခဏလျှောက် ဓာတ်ပုံလေးတွေ ရိုက်ပြီး ပြန်လာခဲ့ပါတယ်။

Da Nang Beach

(၆)Son Tra Mountain

ဒီနေရာလေးက Son Tra ကျွန်းဆွယ်မှာ တည်ရှိနေတဲ့ သဘာဝဥယျာဉ်ကြီးပါ။  ကားနဲ့ တောင်တက်လမ်းအတိုင်း ကွေ့ဝိုက် တက်ရပါတယ်။ တောင်တက်လမ်းတစ်လျှောက်ကနေ ပင်လယ်ကြီးနဲ့ ဒါနန်းမြို့ရဲ့ ရှုခင်း ဟာ ရင်သပ်ရှုမောဖွယ်ရာပါ။ လမ်းမှာ မျောက်လေးများကိုလည်း တွေ့မြင်နိုင်ပါတယ်။တောင်ထိပ်မှာ ကွမ်ရင်မယ်တော် ရုပ်တုကြီး ကို အံ့မခန်း မြင်တွေ့ရမှာပါ။ ၁၈ ရာစုက တည်ဆောက်ခဲ့ပြီး အမြင့် ၆၇ မီတာ ရှိပါတယ်။

• ဝင်ကြေး- ပေးစရာ မလိုပါဘူး။

Son Tra Mountain
Son Tra Mountain

(၇)Linh Ung Pagoda 

ဒါနန်းမြို့ကိုရောက်ရင် Linh Ung Pagoda ကို သွားရောက်ဖူးမြော်သင့်ပါတယ်။ Linh Ung Pagoda ဟာ ဒါနန်းမြို့က Son Tra Peninsula ပေါ်တွင် တည်ရှိပြီး၊ ဒါနန်းသွားလည်သူတိုင်း မဖြစ်မနေ သွားရောက်လာပတ်သင့်သည့် အကြီးဆုံးဘုရားကျောင်းတစ်ခုဖြစ်ပါတယ်။ ဒီဘုရားကြီးဟာ ဒါနန်းမြို့တစ်ခုလုံးကို ရှေ့က မားမားမတ်မတ်ရပ်တည်ပေးသလို၊ အေးချမ်းဘောင်ကာကွယ်ပေးသလို၊ သမိုင်းဝင်ယဉ်ကျေးမှုအနုပညာအလှအပတွေကိုလည်း ပေါင်းစပ်ဖော်ပြထားပါတယ်။ ဘုရားကျောင်းပတ်ဝန်းကျင်က အေးချမ်းသန့်ရှင်းတဲ့လေပြေ ၊ ပင်လယ်ပြင် panoramic view က Perfect Buddhist sanctuary တစ်ခုအဖြစ် ခံစားရစေနိုင်ပါတယ်။

Linh Ung Pagoda
Linh Ung Pagoda

ဒါနန်းမှာ တည်းခိုဖို့

ရွေးစရာများတယ်။ ကမ်းခြေဟိုတယ်လား၊ ဈေးချိုတာလား၊ ဇိမ်ခံဟိုတယ်ကြီးလား ကြိုက်ရာရွေးနေလို့ရတယ်။ rose တို့ ဒီတစ်ခါ နေခဲ့တဲ့ ဟိုတယ် Cicilia hotel- Dlx partial Seaview ကိုတော့ အတော် သဘောကျမိတယ်။

ကိုယ့်အခန်းကနေ မြင်ရတဲ့ ပင်လယ်မြင်ကွင်းကြီးကို မေ့မရ။ ကမ်းခြေနဲ့လည်း နီးသလို nightlife entertainment အစုံနဲ့ ပြည့်နှက်နေတဲ့ နေရာတစ်ခုပါ။ မနက်စာ ဘူဖေး က လုံးဝ International Buffet မို့ စိတ်ကြိုက်အဝစား အားရစရာပဲ။ ရွေးစရာလည်း ပေါတယ်။ခေါင်းအုံး မွေ့ရာ အိပ်လို့ အတော်အဆင်ပြေတာပါ။ နောက်တစ်ခါ ထပ်သွားဖြစ်ရင်လည်း အဲ့ဒီနေရာကိုပဲ ထပ်ရွေးဖြစ်မယ် ထင်ပါရဲ့။

Cicilia hotel- Dlx partial Seaview
Cicilia hotel- Dlx partial Seaview

Read more articles :

ဗီယက်နမ် အလယ်ပိုင်းက ဒါနန်မြို့လေးဟာ တောင်ပေါ်နဲ့ပင်လယ် ပေါင်းစပ်ထားတဲ့ ခံစားမှုမျိုးကို ပေးတဲ့ ဒေသလေးဖြစ်တာရော၊ ခေတ်မီသလို ယဉ်ကျေးဖောရွေတဲ့ မြို့လေး ဖြစ်တာရောကြောင့် သဘောကျမိတဲ့ ဗီယက်နမ်နိုင်ငံက မြို့လေးတစ်မြို့လို့ ဆိုချင်ပါတယ်။ သေချာပါတယ်။ နောက်တစ်ခါ ဗီယက်နမ်အလည်လာပါဦးဆိုလည်း rose ရွေးချယ်မိမှာက ဒီ ဒါနန်းမြို့လေးကိုပါပဲလေ။ နောက်တစ်ခါကျရင်တော့ အမေ နဲ့ မဟုတ်ပဲ ချစ်ရသူနဲ့ အလည်တစ်ခေါက်သွားပါဦးမယ် 🙂 



Comments

No comments yet. Why don’t you start the discussion?

Leave a Reply

Your email address will not be published. Required fields are marked *